ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၏ တိုင်းရင်းသားဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ

နေပြည်တော်၊ ဧပြီ၂၂
တိုင်းရင်းဘာသာစကားသင်ကြားသင်ယူမှု၏ ထိရောက်အောင်မြင်မှု အခြေအနေ သုတေသနဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၂၊၄၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ် ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးများ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့် မြို့နယ် ပညာရေးမှူးများ၊ ပြည်နယ်အသီးသီးမှ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊ ယူနီဆက်မြန်မာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် အမျိုးသားပညာရေးဥပဒေ၌ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊စာပေ၊ ယဉ်ကျေးမှု၊အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကို လက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများဖြစ်လာစေရန်ဟူ၍ အမျိုးသားပညာရေး ရည်မှန်းချက်များကို ပြဋ္ဌာန်းဖော်ပြထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးဆွဲလျက်ရှိသောဒေသသင်ရိုး(Local Curriculum)ဖြင့် တိုင်းရင်းသားဘာသာစကား (၅၄) မျိုးကို ပထမတန်း(Grade-1)၊ ဒုတိယတန်း(Grade-2)၊ တတိယတန်း(Grade-3) တို့၌ သင်ကြားသင်ယူလျက် ရှိပါကြောင်း၊ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်တွင်လည်း စတုတ္ထတန်းမှ နဝမတန်းအထိတွင် ဒေသနှင့်လိုက်လျောညီထွေရှိသော ပထဝီ၊ သမိုင်း၊ စီးပွားရေးနှင့် ယဉ်ကျေးမှုများကိုလည်းကောင်း၊ အထက်တန်းအဆင့်တွင် ICT နှင့် အကြိုသက်မွေးပညာများကို လည်းကောင်း သတ်မှတ်နိုင်ရန် အဆိုပြုထားပါကြောင်း၊ တိုင်းရင်းသားဘာသာစကား သင်ကြားသင်ယူမှုကို ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူမှုအခွင့်အလမ်းမြင့်မားရေး ပံ့ပိုးကူညီဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ စာသင်ခန်းတွင်း တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့်အခါ အားလုံးအတွက် မျှတသော သင်ယူမှုအခွင့်အလမ်း ရရှိရေး ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားလုံးငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ ပြောဆိုဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာဘာသာစကားကို သင်ယူတတ်မြောက် ကျွမ်းကျင် ရန်လည်းအရေးကြီးပါကြောင်း၊ တိုင်းရင်းသားစာပေ သင်ကြားရေးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများ ဆောင်ရွက် အကဲဖြတ်ပြီး ပိုမိုထိရောက်အောင်မြင်နိုင်ရေး ဆက်လက်အားပေးမြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာစကားသင် အခြေခံပညာကျောင်း (၁၂၂၄၈)ကျောင်း၌ တိုင်းရင်းသားဘာသာစကား (၅၄)မျိုးကို သင်ကြားပေးလျက်ရှိပြီး တိုင်းရင်းသားစာပေ သင်ကြားပေးသူ ဆရာဆရာမနှင့် ပြင်ပပုဂ္ဂိုလ် (၂၈၇၈၃)ဦးအား ထောက်ပံ့ကြေးများ ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် နေ့စားလပေးသင်ကြားရေး အထောက်အကူပြု (Teaching Assistants) ဆရာဆရာမ(၅၁၆၁)ဦး ခန့်ထားပေးခဲ့ပါကြောင်း၊ ယခုနှစ်ကျောင်းဖွင့်အမီ (Teaching Assistants) ဆရာဆရာမများ ထပ်မံခန့်ထားနိုင်ရေး တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စီစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာစကား သင်ကြားပေးနေသော အခြေခံပညာ ဆရာဆရာမများနှင့် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကား တတ်ကျွမ်းသော ပြင်ပဆရာဆရာမများကို ဘာသာစကားသင် ဆရာဆရာမ(Language Teacher) များအဖြစ် လစဉ်တစ်လလျှင် ကျပ်(၃၀ဝ၀ဝ)နှုန်းဖြင့် အခြေခံပညာဦးစီး ဌာနက ထောက်ပံ့ချီးမြှင့်လျက် ရှိပါကြောင်း၊ ဘွဲ့ရရှိပြီးသည့် Teaching Assistants အဖြစ်ခန့်ထားခံရသူများအား ပညာရေးကောလိပ်တွင် မူလတန်းပြ စာပေးစာယူသင်တန်း တက်ရောက်ပြီး အောင်မြင်ပါက မူလတန်းပြ ဆရာဆရာမ(PTA)များအဖြစ် ခန့်ထားပေးနိုင်ရန် စီစဉ်ဆောင်ရွက် နေပါကြောင်း၊ နိုင်ငံတကာသုံး ဘာသာစကားဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက်လည်း အားပေးမြှင့်တင်ရန် အရေးကြီးပါကြောင်းနှင့် တိုင်းရင်းသားကလေးငယ်များအား အနာဂတ်ကမ္ဘာကြီး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် လူသားကောင်းများ ဖြစ်လာစေရေးပြုစုပျိုးထောင် ပေးနိုင်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ြ ည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများအနေဖြင့်ပြည်ထောင်စုတစ်ဝှမ်းရှိ တိုင်းရင်းသားကျောင်းသားလူငယ်များအားလုံး တိုင်းရင်းသားဘာသာ စကား တတ်မြောက်အောင်သင်ကြားပေးပြီး မိမိတိုင်းရင်းသားလူမျိုး များ၏ယဉ်ကျေးမှုများကို တန်ဖိုးထားတတ်သည့် စိတ်ဓာတ်များ ကိန်းအောင်းလာစေရေးအတွက် လေ့ကျင့်ပျိုးထောင် ပေးရမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့် မိမိနေထိုင်သည့် ကမ္ဘာကြီးအကျိုးကို ဆောင်ရွက်နိုင်ရန်အတွက် ပညာ၊ဗဟုသုတ၊ အတွေးအခေါ်ရင့်ကျက်ပြီး မိမိနိုင်ငံသုံး မြန်မာဘာသာစကား၊ ကမ္ဘာသုံးအင်္ဂလိပ်ဘာသာစကားနှင့် အိုင်စီတီနည်းပညာကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်အောင် သင်ကြားပြုစု ပျိုးထောင် ပေးကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က သုတေသန ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံကူးကြပြီး ဆွေးနွေးပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပ ကြကြောင်း သတင်းရရှိသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်