၂၀၁၆-ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆု ရရှိခဲ့သော ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

အမျိုးသားစာပေဆုများကို နိုင်ငံတော်ကချီးမြှင့်ခြင်းသည် အမျိုးသားအမွေအနှစ်အဖြစ် ကျန်ရစ်စေမည့် စာကောင်းပေမွန်များ ထွန်းကားပွားများလာစေရေးနှင့် ‘အလိမ္မာစာမှာရှိသည်’ ဟူသော ဆိုရိုးစကားနှင့်အညီ စာကောင်းပေမွန်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်စေနိုင်သော မောင်းနှင်အား ဖြစ်လာစေရေးအတွက်ဖြစ်ကြောင်း တက္ကသိုလ်စိန်ရတုခန်းမတွင် ယနေ့ကျင်းပသော ၂၀၁၆-ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရ ပညာရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် တိုးတက်သောနိုင်ငံဖြစ်လိုလျှင် နိုင်ငံသားအားလုံး စာဖတ်ကြဖို့လိုအပ်ပြီး စာဖတ်ရန်စာကောင်းပေမွန်များလိုအပ်ကြောင်း၊ ကျောင်းသားလူငယ်များစာမေးပွဲအတွက် အလွတ်ကျက်မှတ်ခြင်းမှ ဆက်စပ်တွေးခေါ်သည့် စွမ်းရည်မြင့်မားရန်အတွက် စာများများဖတ်ရန်လိုအပ်ကြောင်း၊ စာကြည့်တိုက်များတွင် စာအုပ်များဖြည့်ဆည်းပေးရန်လိုအပ်ကြောင်း၊ စာဖတ်သည့်အလေ့အကျင့် အားကောင်းလာစေရန် နိုင်ငံတော်အနေဖြင့် ကလေးစာပေပွဲတော်များ ကျင်းပပေးလျက်ရှိကြောင်း၊ နိုင်ငံတကာစာအုပ်များ၊ သုတေသနစာတမ်းများ ဖတ်ရှု့နိုင်ရန်အတွက် အင်္ဂလိပ်ဘာသာစကားအရည်အသွေး မြင့်မားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ရုံးသုံးဘာသာစကားဖြစ်သော မြန်မာစာပေ စာကောင်းပေမွန်များပေါ်ထွန်းလာရေးကို ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ တိုင်းရင်းသားဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်မည့် စာကောင်းပေမွန်များကိုလည်း အားပေးသွားရန်လိုအပ်ကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ‘စာပေမြင့်မှ လူမျိုးတင့်မည်’ ဆိုသော ဆိုရိုးစကားနှင့်အညီ နိုင်ငံတော်အပေါ် သစ္စာစောင့်သိသော၊ ဥပဒေကိုလေးစားလိုက်နာသော၊ ယဉ်ကျေးမှုကို ထိန်းသိမ်းသော၊ ကိုယ်ကျင့်တရားကောင်းမွန်သောလူမျိုးများ ဖြစ်လာအောင် စာပေက ဦးဆောင်ပဲ့ပြင်ထိန်းကျောင်းနိုင်ခဲ့သည်ကို ခေတ်အဆက်ဆက်တွင် သာဓကများစွာ တွေ့မြင်နိုင်ကြောင်း၊ စာပေမြင့်မှလူမျိုးတင့်မည်ဖြစ်ကြောင်း၊ အသိပညာရှင်၊ အတတ်ပညာရှင်များသည် နိုင်ငံတော်တည်ဆောက်ရေးတွင် ပဓာနကျသဖြင့် ပညာတတ် လူတော်လူကောင်းများ မွေးထုတ်ပေးရသော ပညာရေးဝန်ထမ်းများထဲမှ နိုင်ငံတော်အဆင့် စာပေဆုများ နှစ်စဉ်ရရှိလျက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းခဲ့သော၊ တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများက ၂၀၁၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆု (၁)ဆု၊ အမျိုးသား စာပေဆု (၄)ဆုနဲ့ စာပေဗိမာန်စာမူဆု (၇)ဆု ရရှိသည်ကို ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနက ထပ်ဆင့်ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း၊ ယဉ်ကျေးလိမ္မာသော၊ ကိုယ်ကျင့်တရားကောင်းမွန်သော၊ စည်းကမ်းလိုက်နာသော၊ ဇာတိမာန်နိုးကြားသော၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်သော၊ ဗဟုသုတကြွယ်ဝသော၊ အတွေးအခေါ်ရင့်ကျက်သော၊ ဆက်စပ်စဉ်းစားတွေးခေါ်တတ်သော၊ ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော နိုင်ငံ့သားကောင်းရတနာမွန်များကို စာပေပညာရှင်ကြီးများက မိမိတို့၏ကလောင်စွမ်းအားဖြင့် ဆက်လက်ပြီး ပြုစုပျိုးထောင်ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။ ဆုရရှိသူများကိုယ်စား မဟာသဒ္ဓမ္မဇောတိကဓဇ စည်သူဘွဲ့ရ အမျိုးသားစာပေ တစ်သက်တာဆုရှင် ဆရာကြီးဒေါက်တာခင်မောင်ညွန့်က ကျေးဇူးတင်စကား ပြောကြား၍ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။

ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့ အုပ်ချုပ်မှုသင်တန်းကျောင်းရှိ ပညာရတနာခန်းမတွင် ဖွင့်လှစ်လျက်ရှိသည့် ဒုတိယမြို့နယ်ပညာရေးမှူးများ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် အမှတ်စဉ်(၁/၂၀၁၈)သို့ ရောက်ရှိပြီး သင်ခန်းစာပို့ချခဲ့ကြောင်းသိရသည်။

ဆုရရှိသူများစာရင်း

အမျိုးသားစာပေ(တစ်သက်တာဆု) – ဦးသန်းထွန်း(သိန်းသန်းထွန်း)

အမျိုးသားစာပေဆု

စာပဒေသာ – ဦးထွန်းဝေ (ကိုခါး-ကွမ်းခြံကုန်း) “ရေနွေးဖန်ဖန်၊ ရေချိုချို (သံမြင်းတစ်ကောင်ရဲ့ ရေသောက်လမ်း)”

ကလေးစာပေ – ဦးတင်စိုး(မောင်တင်စိုး-သစ်ရာကောက်) “ကဗျာကျောင်းနဲ့ ဒေါင်းမလေး ကလေးကဗျာများ”

နိုင်ငံရေးစာပေ – ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း) “ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်း”

အင်္ဂလိပ်ဘာသာရပ် – (သုတ) ဒေါက်တာ ခင်မောင်ညွန့် “The Historic Bells of Yangon” စာပေဗိမာန်စာမူဆု

ဝတ္တုရှည်- ဒုတိယဆု – ဒေါ်စန်းစန်းထွေး(ယွန်းမြတ်မွှန်းသျှန်) “ငှက်ကလေးတွေမိုးတိမ်ကြား ပျံနိုင်ကြစေသား”

ဝတ္တုတိုပေါင်းချုပ်- တတိယဆု – ဦးမောင်မြင့် (မောင်နေခြည်-ပြည်) “ထပ်တူကျသောနှလုံးသားများနှင့် အခြားဝတ္တုတိုများ”

သုတပဒေသာ(ဝိဇ္ဇာ)- ဒုတိယဆု – ဦးသန်းသျှင်း(ဇွဲသန်းသျှင်း-သုံးဆယ်) “ပီမိုးနင်းစာများကပြောသည့် ပီမိုးနင်း”

သုတပဒေသာ(ဝိဇ္ဇာ)- တတိယဆု – ဒေါ်ခင်မြကြီး(ခင်-တောင်ကြီး) “တောင်ကြီးမြို့၏ရှေးအစဉ်အလာ ရိုးရာမီးပုံးပျံပွဲတော်”

စာပဒေသာ- ဒုတိယဆု – ဦးချစ်ထွေး(မောင်ချစ်ထွေး-မဟာဝိဇ္ဇာ) “မြစ်ဝမဲဇာမြစ်ညာခိုတောင်”

စာပဒေသာ- တတိယဆု – ဦးဇော်လွင်ဦး(ဇော်လွင်ဦး-ဟင်္သာတ) “တစ်ချိန်တစ်ခါဆီကစံပြကြက်ခြေနီ”

မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာစာပေ- ပထမဆု – ဦးဇော်လွင်ဦး(ဇော်လွင်ဦး-ဟင်္သာတ) “ယင်းနက်”

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်