၂၀၁၇ ခုနှစ် အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၂
မြန်မာစကားပြောဆိုရာတွင်လည်းကောင်း၊ မြန်မာစာရေးသားရာတွင်လည်ကောင်း မိမိဆိုလိုရင်းကို မှန်ကန်တိကျစွာ ပြောဆိုရေးသားတတ်စေရန်၊ မြန်မာစာရေးသားရာတွင် မြန်မာဗျည်း၊ သရ၊ အက္ခရာ၊ စာလုံးပေါင်း သတ်ပုံ၊ အနက်အဓိပ္ပာယ်၊ အသံထွက်များကို ရေးသားသုံးစွဲတတ်စေရန်၊ မြန်မာစာပေကို ထိန်းသိမ်းအပ်သော အမျိုးသားရေးလက္ခဏာတစ်ရပ်အဖြစ် စောင့်ရှောက်နိုင်စေရန်နှင့် ဆုရကျောင်းသား၊ ကျောင်းသူများကို အားကျအတုယူပြီး မြန်မာစာပေကို တန်ဖိုးထားလေ့လာလိုက်စားလိုသူများ ပိုမိုပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပသော အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီတွင် တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်စား မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က အဖွင့်အမှာ စကားပြောကြားပြီး တာဝန်ရှိသူများက ဆုများကို ချီးမြှင့်ကြသည်။
အခြေခံပညာ အထက်တန်းအဆင့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ ဒသမတန်းမှ မခင်စုစုစံက ပထမဆုကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ Top ကိုယ်ပိုင်အထက်တန်းကျောင်း၊ နဝမတန်းမှ မောင်အာကာမြင့်မြတ်က ဒုတိယဆုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ကဝမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ဒသမတန်းမှ မစန်းရွှေထက်က တတိယဆုကိုလည်းကောင်းရရှိသည်။
အခြေခံပညာ အလယ်တန်းအဆင့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၊ သတ္တမတန်းမှ မအိမ့်မှူးခင်က ပထမဆုကိုလည်းကောင်း၊ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း၊ အဋ္ဌမတန်းမှ မမာန်ထုံငှိမ်းက ဒုတိယဆုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ရွှေကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ညောင်ပင်ကြီး(၂)၊ အဋ္ဌမတန်းမှ မဇွန်မီမီကျော်က တတိယဆုကိုလည်းကောင်းရရှိသည်။
ဆက်လက်၍ မြန်မာစာအဖွဲ့၊ အဖွဲ့ဝင် ဆရာကြီး ဒေါက်တာခင်အေးက အခြေခံပညာ မြန်မာစာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ကျောင်းသား၊ ကျောင်းသူများ၏ဖြေဆိုချက်များအပေါ် သုံးသပ်အကြံပြုသည်။ ဆုရရှိသူများကိုယ်စား မခင်စုစုစံက ကျေးဇူးတင်စကား ပြောကြားပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ (ပညာရေး)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်